Thursday, January 26, 2012

ဝါဒသူခိုး ခေတ်သစ်သုသီမများ

အရှင်ကေလာသ
ဓမ္မာစရိယ B.A (Philo) M.A. (Buddhism) ဖြေဆိုသည် 



တောက်ထက်၊ သုတမြေ၏ အမေး              
 ဆရာတော် အရှင်မြတ်ဘုရား၊ သိလိုရေးနှင့် မေးလျှောက်အပ်ပါသည် - လော့စ်အိန်ဂျယ်လိစ်က ထုတ်တဲ့ စာစောင်တစ်ခုမှာ ပစ္စုပ္ပန်ကမ္မဝါဒဟု ဖတ်ရပါသည်။ ပစ္စုပ္ပန်ကမ္မဝါဒ ဆိုတာ ဗုဒ္ဓဝါဒနှင့် ပတ်သက်ပါသလား။ ဓမ္မ စကြာသုတ်ကို အဲဒီဝါဒနှင့်အညီ အဓိပ္ပာယ်ဖွင့်ဆိုသည်ဟုလည်း ဆိုပါသည်။ ဖြစ်နိုင်ပါသလား။ 

'ကာမဂုဏ်ချမ်းသာကို ပြန်ရဖို့ ဒါနသီလ ဘာ ဝနာ ကောင်းမှုတွေကို ပြုရင် ကာမသုခလ္လိကာနုယောဂ အကျင့်'လို့ ဆိုထားပါသည်။ တစ်ဖန် 'အတ္တကိလမထာနု ယောဂအကျင့် ဆိုတာ ရူပ အရူပဈာန် အကျင့်တွေသာ ဖြစ်တယ်' ဟုလည်း ဆိုပါသည်။ အဲဒီ အဆိုတွေ ဟုတ်ပါသလား။ 

ကာမသုခလ္လိကာနုယောဂအကျင့် နှင့် အတ္တကိလမထာနု ယောဂ အကျင့်တို့၏ ကျမ်းဂန်ထွက်အစစ် အဓိပ္ပာယ်မှန်ကို သိလိုပါသည်။ ဆောင်း ပါးရေးသူက သူ့အဆို အချို့ကို 'ပိဋကမှာ တွေ့ပါတယ်'ဟုလည်း ဆိုပါ သည်။ ဖြစ်နိုင်ပါသလား။ ထိုဆောင်းပါးမှာပင် 'ဒုက္ကရစရိယာ အကျင့်ဆို တာ ဘယ်လို ကျင့်သုံးနေထိုင်ခြင်း ဖြစ်တယ်လို့ အသေးစိတ် ရှင်းပြချက် မတွေ့ရပါဘူး' ဟုလည်း ဆိုပါသည်။ မှန်ပါသလား။ ဖြေကြားပေးစေလိုပါသည်။                 
                                                                                                     
အဖြေ 

မေးခွန်းပါအတိုင်းဆိုရင် ဗုဒ္ဓဝါဒအစစ်အမှန်ကို ထင်ယောင်ထင်မှား ဖြစ်စေမယ့် ရေးသားချက်မျိုး ဖြစ်နေလို့
မေးလည်း မေးသင့်တယ်၊ ဖြေလည်း ဖြေဆိုပေးသင့်တယ်လို့ ယူဆပါတယ်။ ဗုဒ္ဓအဆုံးအမ ဗုဒ္ဓသာသနာကို မြတ်နိုး နှစ်သက်သူ ဗုဒ္ဓဝါဒီတို့ သမ္မာအမြင် ရှိထားဖို့ လိုပေလိမ့်မယ်။ ဒါဟာ ဖြေဆိုသူရဲ့  ရည်ရွယ်ချက်ပါ။ 

ဝါဒ တစ်ရပ်ကို တင်ပြမယ်ဆိုရင် သတ္တိရှိသင့်တယ်။ ဦးပွ ကိုယ်တိုင် တွေးခေါ် တင်ပြတဲ့ 'ဦးပွဝါဒ'၊ ကြိုက်ရင် ယူ၊ မကြိုက်ရင် ဆောရီး ပေါ့။ အဲဒီလိုပဲ ဖြစ်သင့်တယ်။ ဘာလို့ ဗုဒ္ဓဝါဒပါလို့ ပြောနေဦးမှာလဲ။ အိန္ဒိယမှာ ဗုဒ္ဓဝါဒ ကွယ်ပျောက်ရတာဟာ အဲဒီလို ပူးသတ်ခံရလို့ပဲ။  
ကာလသုံးပါး 

ပဋိစ္စသမုပ္ပါဒ်ဒေသနာကို လေ့လာဖူးရင် ဗုဒ္ဓဟောတဲ့ ကမ္မဝါဒဟာ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ဆိုတဲ့ ကာလ သုံးပါးလုံးနဲ့ ပတ်သက်တယ် ဆိုတာကို ရှင်းလင်းစွာ တွေ့ပါလိမ့်မယ်။ ပစ္စုပ္ပန်ကမ္မဝါဒကိုပဲ လက်ခံတယ်ဆိုရင် ဗုဒ္ဓဝါဒ မဟုတ်ဘူး။ ဆောင်းပါး ရေးသူရဲ့ ဝါဒပဲ ဖြစ်လိမ့်မယ်။ အဲဒီဝါဒကို လက်ခံထားသူက ဗုဒ္ဓဝါဒီပါလို့ဆိုရင် ဗုဒ္ဓဝါဒကို စော်ကားတာပဲ။ ကျုပ်က ဖန်ဆင်းရှင်ကို မယုံတဲ့ ခရစ်ယာန် အစစ်ပါလို့ဆိုရင် ခရစ်ယာန်ဝါဒကို စော်ကားရာကျသလိုပဲ။

ဓမ္မစကြာလက်သစ်
မိမိယူဆချက် ခိုင်လုံဖို့နဲ့ ခွန်အားရှိဖို့ ဗုဒ္ဓကျမ်းဂန်ကို ကိုးကားချင်သပ ဆိုရင် မည်သူမဆို ကိုးကားခွင့် ရှိပါတယ်။ ဒါပေမယ့် ဗုဒ္ဓဟောလိုရင်း အဓိပ္ပာယ်နဲ့ မိမိယူဆချက်ဟာ တစ်ထပ်တည်းတော့ ဖြစ်ရမယ်။ ကိုယ်ယူဆတာက တစ်မျိုး၊ ဗုဒ္ဓဟောတာက တစ်ခြားဆိုရင် ဒီကိုးကားမှုဟာ မမှန်ဘူး။ ဓမ္မစကြာသုတ်မှာက အဓိပ္ပာယ် ဖွင့်ဆိုချက်အမှန် ရှိပြီးသားဖြစ်လို့ ဗုဒ္ဓဝါဒနဲ့ မကိုက်ညီတဲ့ အခြားရှုထောင့်တစ်ခုက သုံးသပ်ပြတယ် ဆိုရင် တစ်ချိန်က လူသေလူဖြစ်ဝါဒီတို့ လုပ်သလို ဓမ္မစကြာလက်သစ်ပဲ ဖြစ်မယ်။ 
ဘုန်းကြီးအနေနဲ့ ဓမ္မစကြာသုတ်ထဲမှာ ပစ္စပ္ပန်ကမ္မဝါဒ ဆိုတာနဲ့ ကိုက်ညီတဲ့ အတွေးအမြင်ကို လုံးဝ မတွေ့မိပါဘူး။ ပစ္စုပ္ပန် ကမ္မဝါဒဆို တာနဲ့ ဓမ္မစကြာသုတ် ဘာမှ မဆိုင်နိုင်ပါဘူး။ ကျုပ်ဝါဒကတော့ ဗုဒ္ဓဝါဒနဲ့ မဆိုင်ဘူး၊ ကျုပ်ယူဆတာကို ကျုပ်ရေးတာ ဆို ရင် ရှင်းပါတယ်။ ဘာမှ တုံ့ပြန်နေစရာလည်း မလိုပါဘူး။

ကာမသုခလ္လိကာနုယောဂ
ဗုဒ္ဓဖြစ်ဖို့ ပါရမီဖြည့်မယ့် ဗုဒ္ဓလောင်းလျာဟာ ... 'ဗောဓိဥာဏ်ကို ရပြီးရင် နတ်လူတွေကို ဘဝသံသရာမှ ကယ်တင်မယ်'တဲ့။ ဗုဒ္ဓလောင်းလျာဟာ ဇနီး မယား သမီး သားနဲ့ ကိုယ်အသက်ကိုပါ ပေးစွန့်ရာမှာ ရည်ရွယ်ချက်က ဗောဓိဉာဏ်ကို ရဖို့ပဲ။ တစ်နည်းပြောရင် ဗောဓိဉာဏ်ကို ရဖို့ ရင်းနှီးခဲ့တာပဲ။ 

ဒါန သီလ ဘာဝနာထဲက ဘာကောင်းမှုပဲ ပြုပြု ရည်ရွယ်ချက်တော့ ရှိကောင်းပါတယ်။ 'အလိုရှိရာကို တောင့်တ (ဆုတောင်း)၍ သမဏ ဗြဟ္မဏတွေကို ထမင်းအဖျော်စတဲ့ လှူဖွယ်ဝတ္ထုကို  ပေးလှူရင် အလိုရှိတဲ့ သူဌေး သူကြွယ် အဖြစ်နဲ့ လူ့ဘဝ၊ ထိုထက်မြင့်တဲ့ နတ်ဗြဟ္မာ ဘဝတွေကို ရနိုင်တယ်'လို့ သင်္ဂီတိ သုတ် (ဒီ ၃၊ ၂၁၄)မှာ ဗုဒ္ဓကိုယ်တိုင် ဟောထားပါတယ်။ 

သူဌေးဖြစ်ချင်လို့ပဲ လှူလှူ နတ်ဖြစ်ချင်လို့ပဲ လှူလှူ အဲဒီလို လှူတဲ့အတွက်တော့ လောကလူသားတွေမှာ အနည်းနဲ့အများ ကောင်းကျိုး ရကြတာပါပဲ။ ဥပမာ ဆေးရုံကြီးတစ်ခု ဆောက်လှူတယ် ဆိုပါတော့။ အလှူ့ ရှင်က အဲဒီကောင်းမှုရဲ့ အကျိုးအနေနဲ့ ဘာပဲဖြစ်ချင်ဖြစ်ချင်  ပထမဆုံး အဲဒီက နယ်သူနယ်သား အများကောင်းကျိုး ရတာပဲ မဟုတ်လား။ အဲဒါကို ဘယ်လိုလုပ်ပြီး ကာမသုခလ္လိကာနုယောဂလို့ ဆိုနိုင်မှာတုန်း။ 'သူတပါး အကျိုး၊ အများအကျိုး၊ လူသားလောက အကျိုးကို ရည်စူး ဦးတည်ခြင်းရှိပြီး' ကိုယ့်အိတ်ထဲက ပစ္စည်းနဲ့ ဒုက္ခရောက်သူတွေကို ဘယ်လောက် လှူဒါန်းပြီးပြီလဲလို့ ကိုယ့်ဟာကိုယ်ပဲ ဆန်းစစ်ကြည့်သင့်ပါတယ်။ 

အခက်အခဲနဲ့ ကြုံနေလို့ စိတ်တွေ ရောက်ရက်ခတ်နေတဲ့ အခါ အဓိဋ္ဌာန်ပြုပြီး ပုတီးစိပ်လိုက်တော့ စိတ်ငြိမ်၊ စိတ်ငြိမ်တော့ အတွေးအကြံကောင်းတွေရပြီး ဆုံးဖြတ်ချက်မှန်ကန်လို့ လောကီကိစ္စတွေလည်းအောင်မြင် သွားတာပေါ့။ ပုတီးစိပ်တာဟာ ဗုဒ္ဓဝါဒီအဖို့ အောက်ဆုံး အဆင့်ပါ။ အဲဒီကနေ စစ်မှန်တဲ့ ဝိပဿနာအဆင့် ကို တက်သွားနိုင်တာပဲ။ ဒါကို ကာမသုခလ္လိကာနုယောဂပါလို့ ဘာလို့ အပြစ်တင်နေမလဲ။ ဗုဒ္ဓရဲ့ ညီတော် ရဟန္တာကြီး အရှင်နန္ဒ ရဟန်းဝတ်ခဲ့တာဟာ နတ်သမီးတွေကို လိုချင်လို့ပါ။ သာသနာအစ သို့မဟုတ် ဘာသာရေး လုပ်ခါစမှာ အဲဒါလေးတွေတော့ ရှိတတ်ပါတယ်။ ကာမသုခလ္လိကနဲ့ ဘာမှ မဆိုင်ပါဘူး။

ဘဝတစ်လျှောက်လုံး ကာမချမ်းသာကိုချည်း ခံစားမနေဘဲ သင့်တင့်တဲ့ အစားအစာ၊ အဝတ်တန်ဆာ နဲ့ နေထိုင်စရာတွေကို သုံးဆောင်ပြီး ဝိမုတ္တိသုခကို ရအောင် အားထုတ်နိုင်ဖို့ ကာမသုခလ္လိကာ နုယောဂကို ပယ်တာ ဖြစ်ပါတယ်။ ဒါဟာ ဒီအစွန်းကို ပယ်ရတဲ့ အဓိက ရည်ရွယ်ချက်ပါ။ ဒီအကျင့်ရဲ့ အဓိပ္ပာယ်မှန်ကို လယ်တီ၊ မဟာစည်၊ တောင်မြို့စတဲ့ ပိဋကတ်အိုးကွဲ ဆရာတော်ကြီးတွေ ဖွင့်ဆိုထားပြီးသားပါ။ ရှာဖွေ ဖတ်ရှုရုံပါပဲ။

အတ္တကိလမထာနုယောဂ
'အတ္တကိလမထာနုယောဂ အကျင့်ဆိုတာ ရူပ အရူပဈာန် အကျင့်တွေသာ ဖြစ်တယ်'ဆိုရင် တက်တက်စင် လွဲတာပဲ။ ကြံကြီးစည်ရာ။ ဒီအတိုင်း ဆက်ရေးရင် ရေးလေလွဲလေ ဖြစ်နေမှာပဲ။ သူ့အဆိုအရဆိုရင် ရူပဈာန် လေးပါးနဲ့ အရူပဈာန် လေးပါးဆိုတဲ့ သမာပတ် ရှစ်ပါးကိုရတဲ့ ရဟန္တာတွေအားလုံး အတ္တကိလမထ အကျင့်ကို ကျင့်လို့ ရတယ်လို့ ဆိုရတော့မှာပေါ့။ ဆောင်းပါးရှင်ဟာ အဲဒီ 'ရုပဈာန် အရူပဈာန် အကျင့်' ဆိုတာကို သိအောင် အရင် လုပ်သင့်တယ်။
ငါးပါး ရှစ်ပါးသီလကို သီလလို့ သာမန်ခေါ်ပြီး ရဟန်းတို့ရဲ့ ပါတိ မောက္ခသံဝရသီလကို အဓိသီလ လို့ ခေါ်ပါတယ်။ ဝဋ်အခြေပြု လောကီ သမာပတ်ရှစ်ပါးကို စိတ္တလို့ သာမန်ခေါ်ပြီး ဝဋ်က ထွက်မြောက် တဲ့ လော ကုတ္တရာ သမာပတ်ရှစ်ပါးကိုတော့ အဓိစိတ္တလို့ ခေါ်ပါတယ်။ ကမ္မဿ ကတာပညာကို ပညာလို့ သာမန်ခေါ်ပြီး ဝိပဿနာပညာ မဂ်ပညာ ဖိုလ်ပညာတွေကို အဓိပညာလို့ ခေါ်ပါတယ်။ ဒါက ဗုဒ္ဓဝါဒရဲ့ ကျင့်စရာ အနှစ်သာရ သုံးပါးပါ။ အဲဒီအထဲက စိတ္တကို အကြောင်းပြုပြီး အဓိစိတ္တကို ရရှိနိုင်ပါတယ် (ဝဋ္ဋ္ဋပါဒိကာ အဋ္ဌသမာပတ္တိယော ဥပါဒါယ ဝိပဿနာပါဒိကာ အဋ္ဌသမာပတ္တိ-ယော အဓိစိတ္တံ နာမ (အဘိ-ဋ္ဌ ၂၊ ၃၉၅)။  

ဒုက္ကရစရိယာ
'ဒုက္ကရစရိယာဆိုတာ  ဘယ်လို  ကျင့်သုံး နေထိုင်ခြင်း ဖြစ်တယ်လို့ အသေးစိတ်ရှင်းပြချက် မတွေ့ရပါဘူး' လို့ ဆိုရင် ဆောင်းပါးရေးသူဟာ မဟာသီဟနာဒသုတ် (မ ၁၊ ၉၇)၊ မဟာသစ္စကသုတ် (မ ၁၊ ၃ဝ၁) စတာတွေကို မဖတ်ဖူးလို့ ဖြစ်ပါလိမ့်မယ်။ အဲဒီသုတ်တွေမှာ ဒုက္ကရစရိယအကျင့် အကြောင်းကို ဗုဒ္ဓ ကိုယ်တိုင် အသေးစိတ် ဟောကြားထားပြီး ဖြစ်ပါတယ်။ 

ဗုဒ္ဓဝါဒ အကြောင်းကို ရေးတော့မယ်ဆိုရင် ဗုဒ္ဓဝါဒဆိုင်ရာ ဗဟုသုတ အတော်အတန်တော့ ရှိသင့်တာပေါ့။ ပါဠိတော်ကြီးမှာ တိုက်ရိုက်ပါနေတာပဲ။ ဆောင်းပါးရှင်ဟာ ထေရဝါဒ ဗုဒ္ဓဓမ္မအစစ်အမှန်ကို တကယ် စေတနာနဲ့ တင်ပြချင်တယ် ဆိုရင် ယောနိသော မနသိကာရ (အသင့်တွေး နှလုံးသား)နဲ့ မူရင်း ဗုဒ္ဓကျမ်းဂန်တွေနဲ့ အဲဒီကျမ်းဂန်တွေကို တတ်သိတဲ့ ပုဂ္ဂိုလ်တွေ ဖွင့်ဆိုထားတာတွေကို အများကြီး ရှာဖွေ လေ့လာ ဖတ်ရှုရဦးမယ်လို့ သုံးသပ်မိပါတယ်။
---------------------------------

ဝါဒသူခိုး ခေတ်သစ်သုသီမများ
'လူသေသော် လူမဖြစ်လျှင်လ
ဘာဖြစ်မှာတုန်း၊
ရွှေပျက်လျှင်
မြေထွက်နွယ် အဝင်ပေမို့
တကယ်ပင် ရွှေပြန်ဖြစ်တယ်ကွယ်
လောကစံထုံး' (လူသေလူဖြစ်၊ စာ-၃ဝ၁) ...

လို့ ဦးဥက္ကဋ္ဌက ဆိုလိုက်တော့ အဆွယ်ကောင်းတာနဲ့ ဗုဒ္ဓဝါဒရေးရာ ဗဟုသုတ အခံမရှိတဲ့ စာဖတ်သူ အချို့အနေနဲ့ နားယောင်ပြီး မျက်စိလည် စရာပါပဲ။
ဒါပေမယ့် အတော်အတန် ဉာဏ်ရှိခဲ့ရင် ဒီလိုလေး ဆက်ပြီး စဉ်း စားကြည့်လိုက်နိုင်မှာပါ ... 
'လူသေသော် လူမဖြစ်လျှင်လ
ပါယ်နတ်စစ် နိဗ္ဗူတာ
မှန်စွာပ ဖြစ်ထုံး၊
ရွှေနှင့်လူ
လုံးလုံးပင် ခန်မတူလို့
စံတမူ မှားရာက မှောက်ပေပေါ့
နာမ်တဆူ ကြားမှာ ပျောက်တယ်ကွယ်
သားမျောက် ကတုံး'။ 

(ဟုတ်တယ်လေ၊ ရွှေမှာက အဆင်းရုပ်ဆိုတဲ့ ရူပက္ခန္ဓာပဲရှိပြီး လူက ရုပ်ရောနာမ်ပါ ခန္ဓာငါးပါး ရှိတယ်။ ဒါကြောင့် ဥပမာနဲ့ ဥပမေယျ မဟပ်စပ်တဲ့အတွက် အမှားကြီးမှားတယ်လို့ ဆိုလိုက်တာပါ)။
အဲဒီလို တစ်ချိန်က လူသေလူဖြစ်ဝါဒီတို့လည်း သူတို့ ရေးပြော တာတွေမှပဲ ဗုဒ္ဓဝါဒအစစ်အမှန် ဟုတ်သလိုလို၊ လယ်တီစတဲ့ ဆရာတော်ကြီးတွေရဲ့ အယူအဆတွေက ဗုဒ္ဓဝါဒ အတုအယောင် ဖြစ်နေသလိုလို လုပ် ကြံ ရေးပြောခဲ့ကြဖူးပါတယ်။ ဘာရည်ရွယ်ချက်နဲ့ ရေးခဲ့သလဲ ဆိုတာတော့ ကာယကံရှင်တွေပဲ သိကြပါလိမ့်မယ်။

ဗုဒ္ဓလက်ထက်က ရာဇဂြိုဟ်မြို့သား သုသီမလို့ ခေါ်တဲ့ ပရိဗိုဇ်ဟာ ဗုဒ္ဓဝါဒကို သူ့ရဲ့ တိတ္တိဝါဒထဲမှာ ထည့်ပြီးဟောရင် သူ့တရားနဲ့ သူ့ဝါဒကို လူကြိုက်များမှာပဲဆိုပြီး အမည်ခံ ဗုဒ္ဓဝါဒီအဖြစ်နဲ့ ဗုဒ္ဓသာသနာထဲကို ဝင် ရောက်ပြီး ရဟန်းဝတ်ခဲ့ဖူးတယ်။ ဒါပေမယ့် ဝါဒခိုးဖို့ ကြံစည်သူ သုသီမကတော့ ကံကောင်းခဲ့ပါတယ်။ ဘာကြောင့်ဆို ဗုဒ္ဓကိုယ်တိုင်နဲ့ တွေ့လို့ ရဟန္တာ ဖြစ်သွားခဲ့တာကိုး (သံ ၁၊ ၃၄ဝ)။ 

ဒီလို ဗုဒ္ဓဝါဒကို ခိုးယူတဲ့ ဝါဒသူခိုးသူတွေဟာ ခေတ်အဆက်ဆက်မှာ ရှိတာပဲ။ ရှိလည်း ရှိနေဦးမှာပဲ။ ဗုဒ္ဓဝါဒဖက်ကကြည့်ရင် ဒီလိုလူတွေဟာ ဗုဒ္ဓဝါဒကို ရှုပ်ထွေးမှေးမှိန်အောင် ကွယ်ပျောက်အောင် လုပ် နိုင်တာမို့ အင်မတန် ကြောက်စရာ ကောင်းပါတယ်။ 

ဝါဒသူခိုး ခေတ်သစ်သုသီမတွေဟာ မိမိရေးတာ ပြောတာကို လူကြိုက်အောင်လို့ အလံရှုး ရှဲဒိုးနည်းတွေ ကိုလည်း အသုံးပြုတတ်ပါတယ်။ ကိုယ့်သာသနာကို ချစ်မြတ်နိုးကြတဲ့ ဗုဒ္ဓဝါဒီတို့ ကြပ်ကြပ် သတိထားကြ ပါကုန်။ 

(www.burmeseclassic.com မှ)

No comments:

Post a Comment